ကျွန်ုပ်၏ ကျောက်ကပ်

 

ကျောက်ကပ် ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာ

structure and function of the kidney.png

ရင်ဝမ်းတားကြွက်သားအောက်၊ ကျောရိုး ဘယ်ဘက်နှင့် ညာဘက်တွင် ရှိပြီး ပဲခြမ်းစေ့နှင့် ပုံပန်းသဏ္ဍာန်တူသည့် ကျောက်ကပ်နှစ်ခု သင့်ထံတွင် ရှိပါသည်။ ကျောက်ကပ်တစ်ခုသည် ပျမ်းမျှအားဖြင့် 12 cm ရှည်ပြီး 150 grams အလေးချိန်ရှိပါသည်။ သင့်ကျောက်ကပ်သည် အရွယ်အစားသေးငယ်သော်ငြားလည်း ကိုယ်ခန္ဓာ မျှခြေညီအောင် ထိန်းပေးရာတွင် အရေးပါပြီး ရှုပ်ထွေးသည့် ကိုယ်တွင်းလုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင်ပါသည်။

အရေးပါသော ထိုလုပ်ငန်းဆောင်တာများထဲမှ အချို့မှာ အောက်ပါတို့ ဖြစ်ကြသည် -

စွန့်ထုတ်ပစ္စည်းများနှင့် ပိုလျှံသော အရည်များကို ကူညီဖယ်ရှားပေးသည်

(ကျွန်ုပ်တို့ ကိုယ်ခန္ဓာမှ မလိုအပ်သော ပစ္စည်းများဖြစ်ကြသည့်) စွန့်ထုတ်ပစ္စည်းများကို ကျောက်ကပ်သည် ဆီးအတွင်းမှတဆင့် ခန္ဓာကိုယ်မှ ဖယ်ရှားပေးပါသည်။ အချို့သော ဆေးဝါးအာနိသင်ကိုလည်း ဆီးမှတဆင့် စွန့်ထုတ်ပါသည်။ ကျောက်ကပ်တစ်ခုစီ၏ အလယ် (renal pelvis) တွင် ဆီးကို စုဆောင်းထားပါသည်။ ထိုနေရာမှတဆင့် ဆီးပြွန် (ureter) ကို ဖြတ်ပြီး ကျောက်ကပ်နှစ်ခုလုံးမှ ဆီးများကို စုဆောင်း သိုလှောင်ပေးသည့် ဆီးအိတ်ထဲသို့ ရောက်ပါသည်။ အိမ်သာကို သွားသောအခါ ဆီးအိတ်ထဲမှ ဆီးများကုန်အောင်စွန့်ပစ်ပြီး စွန့်ထုတ်ပစ္စည်းများသည် ဆီးအတွင်းမှတဆင့် ခန္ဓာကိုယ်မှ ထွက်သွားပါသည်။

 

ရေနှင့် electrolyte (လျှပ်လိုက်ပစ္စည်း) မျှခြေ၊ အက်စစ်နှင့် ဘေ့စ် မျှခြေကို ထိန်းညှိပေးခြင်း

ကျောက်ကပ်၏ လုပ်ငန်းမှာ ခန္ဓာကိုယ်မှ ပိုလျှံသော အရည် သို့မဟုတ် ဆားဓာတ်များ (electrolytes) စွန့်ထုတ်ရန်ဖြစ်ပြီး ကျွန်ုပ်တို့ သောက်သုံးသော ရေပမာဏနှင့် ဆုံးရှုံးသော ရေပမာဏအကြား မျှခြေကို ထိန်းပေးထားရန် ဖြစ်သည်။ သင် ရေနည်းနည်းသာ သောက်ပါက ဆီးပမာဏလည်း အလိုလို နည်းသွားမည်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေပမာဏနှင့် ပြင်ပစွန့်ထုတ်သော ရေပမာဏမှာ မျှခြေညီသွားမည်ဖြစ်သည်။ ကျောက်ကပ်သည် သွေး၏ pH (အက်စစ်ဓာတ်နှင့် အယ်လ်ကာလီဓာတ်အကြား မျှခြေ) ကိုလည်း ထိန်းညှိပေးပါသည်။

 

ဟော်မုန်းထုတ်ပေးခြင်းနှင့် သွေးနီဥထုတ်လုပ်မှု ထိန်းချုပ်ပေးခြင်း

ကျောက်ကပ်သည် (အရိုးတွင်း ဇီဝဖြစ်ပျက်မှုတွင် ပါဝင်သော vitamin D3 တစ်မျိုးဖြစ်သည့်) calcitriol၊ (သွေးနီဥဆဲလ် ထုတ်ရန် လှုံ့ဆော်ပေးသည့်) erythropoietin နှင့် (သွေးပေါင်ထိန်းညှိပေးရာတွင် ပါဝင်သည့်) renin တို့ကဲ့သို့သော ဟော်မုန်းအမျိုးမျိုးကို ထုတ်ပေးပါသည်။

သင့်ကျောက်ကပ်၏ အရေးကြီးသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည် - 

1. နှလုံးမှလာသော သွေးလွှတ်ကြောတစ်ခုမှတဆင့် သွေးသည် ကျောက်ကပ်သို့ ရောက်ပါသည်။

2. ကျောက်ကပ်အတွင်း ရောက်သည်နှင့်တပြိုင်နက် ('nephrons' ဟု ခေါ်သည့်) အလွန်သေးငယ်သည့် သန်းချီသော သွေးစစ်ထုတ်ပေးသည့် အစိတ်အပိုင်းလေးများကို ဖြတ်သွားခြင်းဖြင့် သွေးကို သန့်စင်ပေးပါသည်။

3. သွေးထဲမှ ဖယ်ရှားခဲ့သော စွန့်ထုတ်ပစ္စည်းအားလုံးကို ureter ဆီးပြွန်မှတဆင့် ဖြတ်ပြီး ဆီးအိတ်အတွင်း ဆီးအဖြစ် စုဆောင်းသိုလှောင်ထားပါသည်။

4. လောလောလတ်လတ် သန့်စင်ထားသော သွေးသည် သွေးပြန်ကြောမှတဆင့် သွေးလည်ပတ်မှုအတွင်း ပြန်ရောက်သွားပါသည်။

5. ဆီးအိတ်က ပြည့်လာသည်အထိ ဆီးများကို စုဆောင်းပေးထားပါသည်။ ဆီးအိတ် ပြည့်သည်နှင့်တပြိုင်နက် အပေါ့သွားချင်စိတ် ပေါ်လာပါလိမ့်မည်။ ထို့နောက် ဆီးသည် urethra ဆီးပြွန်မှတဆင့် ခန္ဓာကိုယ်အတွင်းမှ ထွက်သွားပါသည်။ 

ကျောက်ကပ်သည် 24 နာရီတိုင်း အရည် 200 လီတာခန့်ကို စစ်ထုတ်ပေးပါသည်။ တစ်နေ့လျှင် အရည် 2 လီတာခန့်ကို ဆီးအဖြစ် ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်လိုက်ပြီး ကျန်ရှိသော 198 လီတာခန့်ကို ခန္ဓာကိုယ်အတွင်း ထိန်းသိမ်းထားပါသည်။ ကျွန်ုပ်တို့ စွန့်ထုတ်မည့် ဆီးကို တစ်နာရီမှ ရှစ်နာရီခန့်ကြာအောင် ဆီးအိတ်အတွင်း သိုလှောင်ထားပါသည်။

ကိုးကားချက်များ
 

  1. Findlay’s and Isles’ “Clinical Companion in Nephrology”, Springer Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။
  2. “Comprehensive Clinical Nephrology”, 6th edition, Elsevier Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။

 

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ