လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါ

ဤအင်တာဗျူးဖြေဆိုချက်များတွင် လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါရှိသူများ၏ ဘဝဇာတ်ကြောင်းများကို နားထောင်ပြီး ဖတ်ရှုကြည့်ပါ။

 

ဤဆောင်းပါးများတွင် လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါရှိသောသူများ၏ ပြောစကားများကို နားထောင်နိုင်ပြီး လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါ အမည်တပ်ခြင်း၊ ကုသခြင်းနှင့် ရောဂါလက္ခဏာများ ကုသစီမံခြင်းနှင့်ပတ်သက်ပြီး သူတို့၏ နေ့စဉ်အတွေ့အကြုံများကို သိရှိလေ့လာနိုင်ပါသည်။

Valerie

2006 ခုနှစ်တွင် Valerie သည် Santa Barbara မြို့ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် တက်ကြွသော ပထမနှစ်ကျောင်းသူတစ်ဦး ဖြစ်ပြီး အတန်းတက်ခြင်း၊ ကလေးငယ်များ စင်တာတွင် အလုပ်လုပ်ခြင်း၊ ကလပ်အချို့တွင် ပါဝင်ခြင်း၊ ပြဇာတ်များနှင့် စင်တင်ဖျော်ဖြေပွဲများ သွားခြင်းနှင့် သူငယ်ချင်းများနှင့် ချိန်းတွေ့ခြင်းတို့ကို လုပ်နေခဲ့ပါသည်။ ထို့နောက် သူမသည် ပင်ပန်းနွမ်းနယ်မှုကို စတင်ခံစားရပြီး ဆက်တိုက် အဖျားကြီးခဲ့ပါသည်။ သူမ၏ ရောဂါလက္ခဏာများ အဆိုးဆုံး ဖြစ်နေချိန် အားအင်ကုန်ခမ်းသွားသလို မခံစားရဘဲ ကျောင်းခန်းမအတွင်း လမ်းလျှောက် မသွားနိုင်ခဲ့ပါ။ ထို့နောက် သူမ၏ ဆီးသည် အဖြူရောင်အမြှုပ်များပါသည့် ကြေးနီရောင်နီးပါး အညိုရင့်ရောင်သို့ ပြောင်းသွားပါသည်။ သူမသည် ဆေးကုသခွင့်လိုင်စင်ရှိသော သူနာပြုဆရာမတစ်ဦးဖြစ်သည့် သူမမိခင်ကို ဖုန်းခေါ်ခဲ့ပြီး မိခင်ဖြစ်သူက သူမကို ချက်ချင်း အိမ်ပြန်ဖို့ ပြောခဲ့ပါသည်။ သူမကို ဆေးရုံတင်ခဲ့ပြီး ကျောက်ကပ် တစ်သျှူးအသားစယူရာ သူမ ဆရာဝန် ထင်သည့်အတိုင်းပင် သူမတွင် လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါ (lupus nephritis) ရှိနေကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။

လူးပစ်စ်သည် နာတာရှည် autoimmune disease (မိမိခုခံအားစနစ်က ပုံမှန်ဆဲလ်များကို မှားယွင်းစွာ တိုက်ခိုက်သည့်ရောဂါ) တစ်မျိုးဖြစ်ပြီး အမျိုးသမီးများတွင် အဖြစ်ပိုများပါသည်။ လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါသည် ကျောက်ကပ်ရောင်ရမ်းခြင်းကြောင့် လူးပပ်စ်၏ ပြင်းထန်ပြီး အသက်အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။ များသောအားဖြင့် မျက်လုံး၊ ခြေထောက်၊ ခြေကျင်းဝတ် သို့မဟုတ် လက်ချောင်းပတ်လည်တွင် ဖူးယောင်ခြင်းမှာ ပထမဆုံး သိသာမြင်သာသည့် ရောဂါလက္ခဏာ ဖြစ်ပါသည်။ ရောဂါအခြေအနေ ပြင်းထန်ပါက ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့ခြင်းကို ဖြစ်စေနိုင်ပါသည်။ လူးပပ်စ်လူနာများ၏ 60 ရာခိုင်နှုန်းခန့်တွင် သက်ဆိုင်ရာ ရောဂါလက္ခဏာပြမည့် လူးပပ်စ် ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပွားလာလိမ့်မည် ဖြစ်ကာ အမေရိကန်နိုင်ငံသား အာရှလူမျိုး၊ အမေရိကန်နိုင်ငံသား အာဖရိကန်လူမျိုးနှင့် လက်တင်လူမျိုးများတွင် ပြင်းထန်သော ရောဂါလက္ခဏာများ ပြနိုင်ခြေပိုများပါသည်။1

Valerie အဆိုအရ သူမ၏ ခုခံအားစနစ်သည် "အရာအားလုံးကို တိုက်ခိုက်နေခဲ့ပါသည်။" သူမသည် ဆရာဝန်များစွာနှင့် ပြသခဲ့သည်၊ ဆေးဘက်ဆိုင်ရာ စမ်းသပ်သုတေသနများတွင် ပါဝင်ခဲ့ပြီး ကုသနည်းအမျိုးမျိုးဖြင့် စမ်းကုသခံခဲ့ပါသည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူမ၏ ကျောက်ကပ်သည် လုံးဝ အလုပ်မလုပ်တော့ဘဲ တစ်ပတ်လျှင် လေးရက်၊ တစ်ရက်လျှင် ခြောက်နာရီဖြင့် လအတော်ကြာအောင် ကျောက်ကပ်ဆေးကြောမှု ခံယူခဲ့ပါသည်။

Valerie အတွက် သူမရောဂါကြောင့် ဖြစ်လာသည့် အကြီးမားဆုံးသော အခက်အခဲများထဲမှ တစ်ခုမှာ အချိန်ပြည့် ညောင်းညာချိနဲ့ခြင်း ဖြစ်သည်။ Valerie သူငယ်ချင်းအများစုသည် သူမ၏ ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်မှု ဘယ်လောက်ပြင်းထန်ကြောင်း နားမလည်ခဲ့ကြပါ။ “လူးပပ်စ်ရောဂါက မမြင်ရတဲ့ ရောဂါတစ်ခုအဖြစ် နာမည်ဆိုးရှိတယ်။ ရောဂါဖြစ်ရင် ဘာမှမလုပ်နိုင်ဘူး၊ ဒါပေမယ့် ရောဂါလက္ခဏာတွေကို အများသိအောင် ထုတ်ဖော်ပြမနေဘူး” ဟု သူမက ပြောပြပါသည်။ “လူငယ်တစ်ယောက်ဖြစ်ပြီး လူးပပ်စ်ရောဂါ အံတုနေရတာကို မျှခြေထိန်းညှိဖို့ ခက်ခဲပါတယ်။ ကျောက်ကပ်ဆေးခံရတဲ့အချိန်မှာ ကျွန်မအသက် 21 နှစ် ရှိပြီ။ လူတိုင်းက ကျွန်မကို အပြင်ထွက် သောက်စားစေချင်တယ်။ ဒါနဲ့ မဟုတ်သေးဘူး ငါ အသက်ရှင်ချင်သေးတယ်လို့ ကျွန်မ တွေးတယ်။”

ကျောက်ကပ်ဆေးပြီး ဆေးဘက်ဆိုင်ရာ စမ်းသပ်သုတေသနတစ်ခုတွင်း ပါဝင်ပြီးနောက် Valerie အနေဖြင့် စတင်ပြန်လည်ကျန်းမာလာပြီး သူမဆရာဝန်များက သူမဆေးဝါးများကို ချိန်ညှိပေးခဲ့ပါသည်။ 2012 ခုနှစ်ရောက်သောအခါ သူမ ရောဂါသက်သာလာခဲ့ပြီး ကောလိပ်မှ Gerontology အထူးပြု Bachelor ဘွဲ့ရခဲ့ကာ San Francisco Bay Area မြောက်ပိုင်းသို့ သူမ သွားခဲ့ပါသည်။ ယခုအခါ Valerie သည် ကျွမ်းကျင်သူနာပြုဆေးခန်းတစ်ခုတွင် ကျန်းမာရေးစင်တာ ညှိနှိုင်းရေးမှူးတစ်ဦးအဖြစ် အချိန်ပြည့် အလုပ်လုပ်နေပြီး ရေရှည်စောင့်ရှောက်မှု စီမံထည့်သွင်းရေး (Long-Term Care Administration) အထူးပြု Master ဘွဲ့ရအောင်လည်း ကြိုးစားနေပါသည်။

ခြောက်နှစ်တာ နာကျင်မှုနှင့် စိတ်ရှုပ်ထွေးမှုဒဏ် ခံစားခဲ့ရသော်ငြားလည်း သူမကိုယ်သူမ ကံကောင်းသည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် လူးပပ်စ်လူနာအများအပြားတွင် အချိန်အတော်ကြာ အတိအကျ ရောဂါအမည် မတပ်နိုင်သောကြောင့် ဖြစ်သည်။ “စောစောစီးစီး ဘာရောဂါမှန်း သိလိုက်နိုင်ခဲ့တာက အရမ်းအကျိုးရှိသွားတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ အသက်ရှင်ဖို့ အဲဒီအချက်အပေါ် မူတည်နေခဲ့လို့ပါ” ဟု Valerie က ဆိုပါသည်။ “ကျွန်မ အတော်လေး ကျေးဇူးတင်မိတယ်။ အဆိုးတွေ ကျော်ဖြတ်ပြီးရင် အကောင်းတွေ ရောက်လာမှာပါ။”

Valerie_Desktop_01.jpg

ကိုးကားချက်များ

 

1. Ramesh Saxena, Tina Mahaian and Chandra Mohan,"Lupus Nephritis: Current Update," Arthritis Research & Therapy, 2011, 13:240. doi:10.1186/ar3378

သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ

ကျန်းမာကြံ့ခိုင်မှုနှင့် ကျောက်ကပ်

ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစားအစာ

LN ရောဂါ ကုသနည်း